သန်ကျစေတာအပြင် ဒန့်သလွန်သီးမှာ ဘယ်လို ကောင်းကျိုးတွေ ရှိနေသေးလဲ
ချဉ်ရည်ဟင်းချက်ချက်၊ သီးစုံပဲဟင်းပဲ ချက်ချက် ထည့်ချက်လေ့ ရှိသလို မီးအုံး အသားဖြစ်ပြီး ဟင်းခါးချက် သောက်တာမျိုးလည်း ရှိပါတယ်။ ဒီလို နည်းလမ်းတွေနဲ့ ချက်စားတိုင်းလည်း စားလို့ကောင်းလှတဲ့ ဒန့်သလွန်သီးလေးကို သဘောတကျ စားတတ်သူတွေအနေနဲ့ အခုလို အကျိုးကျေးဇူးတွေကို ရရှိစေမှာပါ။
ဒန့်သလွန်သီး ဆိုရာဝယ်
ဒန့်သလွန်သီးဆိုတာက ဒန့်သလွန်ပင်ရဲ့ အသီးတစ်မျိုးပါ။ ရှည်မြောမြောရှိပြီး အစိမ်းရောင်ပါ။ အတွင်းထဲမှာ အဖြူရောင် အသားလေးတွေနဲအ အစိမ်းရောင် ဖျော့ဖျော့ အစေ့လေးတွေ ပါဝင်ပါတယ်။ အရသာက နုရင်ချိုပြီး စားလို့ ကောင်းပါ။ အခွံကိုတော့ စားလို့ မရပါဘူး။
ဒန့်သလွန်သီးက သန်ကျစေနိုင်တယ်လို့တော့ အားလုံးက သိထားပြီးဖြစ်မှာပါ။ အခုတစ်ခေါက် ပြောချင်တာက ဒန့်သလွန်က သန်ကျစေတာအပြင် ဘယ်လိုကောင်းကျိုးတွေပါ ရရှိစေနိုင်လဲဆိုတာကိုပါ။ ဒီတော့ အတူတူ ကြည့်လိုက်ရအောင်နော်။
သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်
ဒန့်သလွန်သီးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ဆီးချို ရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ သည်းခြေအိတ်ရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
ဒန့်သလွန်သီးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးသလို ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ အအေးမိတာ ချောင်းဆိုးတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
အရိုးသိပ်သည်းဆ တိုးစေနိုင်တယ်
ဒန့်သလွန်သီးမှာ ကယ်လ်ဆီယမ် နဲ့ သံဓာတ် ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်သလို အရိုးသိပ်သည်းဆတွေကို ကောင်းစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒန့်သလွန်သီး စားပေးတာက မိခင်ရော ကလေးကိုပါ အရိုးတွေကို သန်မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဒါကြောင့် အရိုးပါးတာ အရိုးပွတာကို ကာကွယ်ချင်တယ်ဆိုရင်တော့ ဒန့်သလွန်သီး စားပေးလို့ ရပါတယ်။
အစာအိမ်အူလမ်းကြောင်း ကျန်းမာစေတယ်
ဒန့်သလွန်သီးမှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အူမကြီးရဲ့ လှုပ်ရှားမှုကို ကောင်းစေသလို ဗီတာမင် ဘီအုပ်စုတွေ ပါဝင်နေတာကြောင့် အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်တာကလည်း ဝမ်းမှန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
သွေးသန့်စေတယ်
ဒန့်သလွန်သီးက ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်ပြီး သွေးလည်ပတ်မှု ကောင်းစေနိုင်တာကြောင့် သွေးထဲက အောက်ဆီဂျင်ပမာဏကို တက်စေနိုင်ပါတယ်။ သွေးသန့်စေဖို့နဲ့ သွေးလည်ပတ်မှု ကောင်းစေဖို့အတွက်လည်း ဒန့်သလွန်သီးကိုလည်း အားကိုးလို့ ရပါတယ်။
သန်ကျစေတာအပြင် ဒန့်သလွန်သီးက အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေကိုလည်း ရရှိစေနိုင်တာကြောင့် ဒန့်သလွန်သီး ကြိုက်သူတွေ ပုံမှန်လေး စားပေးဖို့ တိုက်တွန်းပါရစေနော်။
မွန်မွန်